Singapore မီးကာကွယ်ရေးစနစ်တွင် အောက်ပါတို့ပါဝင်၏။
က) အဆောက်အအုံများကို မိမိသဘောနှင့် ပြန်လည်ပြင်ဆင်ရာတွင် မီးအရေးပေါ်ထွက်ပေါက်ကို အဟန့်အတား
ဖြစ်စေခြင်း။
ခ) နေရာတစ်ခုတွင် ပွဲလမ်းသဘင်တစ်ခုခုကျင်းပသောအခါ လူအများဖြင့် ကျပ်သိပ်နေ၍ မီးအန္တရာယ်ဖြစ်လျှင်
ထွက်ပေါက်မလုံ လောက်ခြင်း။
ဂ) အဆောက်အအုံများတွင် တပ်ဆင်ထားသော မီးကာကွယ်ရေးစနစ်များကို ခွင့်ပြုချက်မရဘဲ ဖြုတ်ခြင်း၊ ဖျက်ခြင်း။
ဃ) မီးကာကွယ်ရေးစနစ်များကို မပြုပြင်သဖြင့် ကောင်းကောင်းအလုပ်မလုပ်ခြင်း။
င) မီးအရေးပေါ်ထွက်ပေါက်များမှာ ပစ္စည်းများဖြင့် ပိတ်ဆို့နေသဖြင့် ထွက်ရန် မလွယ်ခြင်း။
စ) မီးအန္တရာယ်တားဆီးရေးအတွက် အနှောက်အယှက်ဖြစ်စေမည့် မည်သည့်ပြုမူချက်မျိုးမဆို။
ဥပဒေပါ အချက်အလက်များကို လိုက်နာရန်ပျက်ကွက်သူအား မီးကာကွယ်ရေးမင်းကြီးမှ ထိုနေရာကို ၇၂ နာရီ ချိပ်ပိတ်ထား နိုင်သည်။ သို့မဟုတ် အများဆုံး ဒဏ်ငွေ စင်ကာပူဒေါ်လာ တစ်သောင်း၊ သို့မဟုတ် ထောင်ဒဏ် ၆ လ သို့မဟုတ် နှစ်မျိုးလုံး ဒဏ်တပ်ရိုက်နိုင်သည်။
၁၉၉၃ Fire Safety Act, ၁၉၉၄ Fire Safety (Fire Safety Manager) Regulation များအရ ရုံးအဆောက်အအုံကြီး များတွင် ကုမ္မဏီပိုင်ရှင်၊ သို့မဟုတ် လုပ်ငန်းပိုင်ရှင်သည် မီးကာကွယ်ရေးဆောင်ရွက်ချက်များအတွက် Fire Safety Manager - FSM (မီးလုံခြုံရေး မန်နေဂျာ) တစ်ဦး ခန့်ထားရသည်။
ကြမ်းပြင်အကျယ်အ၀န်း စတုရန်းမီတာ ၅၀၀၀ နှင့်အထက် သို့မဟုတ် ၀န်ထမ်းအင်အား ၁၀၀၀ ထက်ပိုလျှင် ထို အဆောက်အအုံတွင် FSM ခန့်ထားရသည်။ စူပါမားကက်ကြီးများ၊ ဆေးရုံများ၊ စက်ရုံများ၊ ဟိုတယ်များ၊ ဂိုဒေါင်ကြီးများတွင် လည်း FSM ခန့်ထားရန် လိုသည်။ ထိုမျှသာမကသေး၊ မီးလောင်နိုင်သည့် ဓါတုပစ္စည်းများ သိုလှောင်၊ ရောင်းဝယ်၊ ပို့ဆောင် သည့် ကုမ္မဏီများသည်လည်း FSM ခန့်ထားရန် လိုသည်။
FSM (မီးလုံခြုံရေးမန်နေဂျာ) လုပ်ရမည့်တာဝန်နှင့် ၀တ္တရားများကိုလည်း ဤဥပဒေထဲတွင် အတိအကျဖော်ပြထား၏။
၎င်းတို့မှာ -
၁။ မီးအရေးပေါ် စီမံချက်တွင်ပါသည့် မီးကာကွယ်ရေးစည်းမျဉ်းများ ချမှတ် အကောင်အထည်ဖော်ရမည်။
၂။ ၎င်းကိုင်ရသော အဆောက်အဦများအတွင်းရှိ မီးကာကွယ်ရေးပစ္စည်းများအား ပြုပြင်ထိန်းသိမ်းမှုကို ကြီးကြပ်
ဆောင်ရွက်ရမည်။
၃။ အရေးဟေ့ ဆိုလျှင် လူများကြပ်သိပ်မနေစေရန် နေရာတစ်နေရာစီ၌ မီးကာကွယ်ရေး ဥပဒေအတွင်း
ပြဌာန်းထားသည့် လူဦးရေထက် မပိုရေးကြပ်ကြပ်မတ်မတ် ထိန်းသိမ်းရန်။
၎။ အဆောက်အဦများအတွင်းရှိ မီးအန္တရာယ်ဖြစ်စေနိုင်သော ပစ္စည်းများကို ရှာဖွေဖယ်ရှားပစ်ရမည်။
၅။ အဆောက်အဦအတွင်းရှိ လူအားလုံး မီးဟေ့ဆိုလျှင် အလွယ်တကူ ထွက်နိုင်၊ လွတ်မြောက်နိုင်ရန် အရေးပေါ်
စီမံချက်များ ရေးဆွဲကာ ထိုစီမံချက်များနှင့် ရင်းနှီးကျွမ်းဝင်နေစေရန် အားလုံးကို လေ့ကျင့်ပေးထားရမည်။
၆။ ထိုအဆောက်အဦအတွက် မီးကာကွယ်ရေးလက်စွဲ စာအုပ် ပြုစုပြီး အားလုံးသို့ ဝေငှပေးထားရမည်။
၇။ အဆောက်အဦအတွင်းရှိ လူအားလုံးကို မီးသတ်ကိရိယာများသုံးစွဲနည်း သင်တန်းပေးရမည်။
၈။ မီးလောင်သည့်အခါ ထိုအဆောက်အဦအတွင်းရှိ လူအားလုံး ဘေးကင်းချောမွေ့စွာ လွတ်မြောက်အောင် ဦးဆောင်မှု
ပေးရမည်။ မီးသတ်ရာတွင်လည်း ဦးဆောင်ညွှန်ကြားမှု ပေးရမည်။
၉။ အရေးပေါ်ကိစ္စများအားလုံးတွင် ဘာလုပ်ရမည်ကို တိကျသော ညွှန်ကြားချက်များ ပေးရမည်။
၁၀။ မိမိခွင့်သွားနေစဉ်ကာလများတွင် မိမိကိုယ်စား ဆောင်ရွက်နိုင်ရန် ကိုယ်စားလှယ်တစ်ဦးကို မိမိလုပ်ရမည့်
တာဝန်ဝတ္တရား များအကြောင်း ကျကျနန သင်ပေးထားရမည်။
၁၁။ မိမိ အဆောက်အဦအတွင်းရှိလူများ မီးအန္တရာယ်ကာကွယ်ရေးကို စိတ်ဝင်စားလာစေရန် ဟောပြောပွဲများ၊
သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ စသည် လုပ်ပေးရမည်။
၁၂။ အခြား မီးအန္တရာယ်ကာကွယ်ရေးနှင့် ပတ်သက်သမျှအားလုံး လုပ်ပေးရန် တာဝန်ရှိသည်။
အဆောက်အအုံပိုင်ရှင်သည် မီးအရေးပေါ်စီမံချက် (Fire Emergency Plan) ရေးဆွဲထားရန်လည်း လိုအပ်သည်။ ဤစီမံချက်တွင် အရေးပေါ်ဆက်သွယ်ရမည့် ဖုံးနံပါတ်အားလုံးပါသည်။ မီးလောင်လျှင် မည်ကဲ့သို့လုပ်ရမည်ကို အစီအစဉ် တကျ ရေးဆွဲထားသည်။ အဆောက်အအုံအတွင်းရှိ လူအားလုံးကို ဘေးကင်းအောင် မည်ကဲ့သို့ထုတ်သွားရမည်ကို အဆင့်လိုက်ဖော်ပြထားသည့် ကယ်ဆယ်ရေးလုပ်ငန်းစဉ်လည်း ပါသည်။
မီးလောင်လျှင် လူအားလုံး အထိတ်တလန့် ခြေဦးတည့်ရာ လျှောက်မပြေးရအောင် မီးလောင်သည့်အခါ မည်ကဲ့သို့ လုပ်ရမည်ကို ကြိုတင်လေ့ကျင့်ပေးထားရမည်။ ဤအရာအားလုံးကို စူပါမားကက်ကြီးများ၊ ဆေးရုံများ၊ စက်ရုံများ၊ ဟိုတယ်များ၊ ဂိုဒေါင်ကြီးများစသည်တို့တွင် ဆောင်ရွက်ထားရှိရမည်။
အဆောက်အအုံပိုင်ရှင် သို့မဟုတ် လုပ်ငန်းရှင်သည် လုပ်ငန်းစပြီး ၆ လအတွင်း မီးကာကွယ်ရေးစီမံချက်ကို တင်ပြရ မည်။ ထိုစီမံချက်သည်လည်း မီးကာကွယ်ရေးမင်းကြီးမှ ချမှတ်ထားသော စည်းမျဉ်းများအတိုင်းဖြစ်ရမည်။ ဥပဒေတွင် ပြဌာန်းထားသည့်အတိုင်း မီးကာကွယ်ရေးအစီအမံများအားလုံး ဆောင်ရွက်ထားရှိရမည်။ မီးကာကွယ်ရေးစီမံချက်ကို အထောက်အကူပြုရန် အဆောက်အအုံအတွင်းရှိသူများ ပါဝင်ဖွဲ့စည်းထားသော မီးအန္တရာယ် ကာကွယ်ရေးကော်မတီ ဖွဲ့ထားကာ မီးကာကွယ်ရေး အစီအမံများ၊ လေ့ကျင့်မှုများ လုပ်ပေးရမည်။ မီးကာကွယ်ရေးစီမံချက်ကို တစ်နှစ်လျှင်တစ်ကြိမ် ပြန်လည် စစ်ဆေးကာ ပြုပြင်သင့်သည်များကို ပြုပြင်ရမည်။
၁။ လူ ၂၀၀ ထက်ပိုရှိသော အများပြည်သူပိုင် အဆောက်အအုံများ (ဥပမာ - ဟိုတယ်၊ စူပါမားကက်ကြီးများ၊ ရုံးကြီးများ)
၂။ လူ ၁၀၀၀ ထက်ပိုသော စီးပွားရေးလုပ်ငန်း အဆောက်အအုံများ၊ ကြမ်းခင်းဧရိယာ စုစုပေါင်း ၅၀၀၀ စတုရန်းမီတာနှင့်
အထက်ရှိသော အဆောက်အအုံများ၊ ၈ ထပ်ထက်ပိုသော စီးပွားရေးအဆောက်အအုံများသည် မီးလက်မှတ် (Fire
Certificate) ရှိထားရမည်။ ထို မီးလက်မှတ်ကို နှစ်စဉ်အသစ်ပြန်လဲရမည်။
၃။ ၈ ထပ်ထက်ပိုသော လူနေအဆောက်အအုံများတွင် (i) wet riser system သို့မဟုတ် (ii) automatic fire alarm
system သို့မဟုတ် (iii) sprinkler system တပ်ဆင်ထားရမည်။
မီးလက်မှတ်ဟူသည်ကား ဤအဆောက်အအုံတွင် တပ်ဆင်ထားသော မီးကာကွယ်ရေးစနစ်များ၊ နည်းလမ်းများ သည် ကောင်းမွန်၊ မှန်ကန်စွာ အလုပ်လုပ်နေပါသည်ဟု ထုတ်ပေးထားသော လက်မှတ်ဖြစ်သည်။ ဤလက်မှတ်ရစေရန် ထို မီးကာကွယ်ရေးစနစ်ကို ပြဌာန်းထားသော စံနှုံး (Code of Practice) များအရ စမ်းသပ်စစ်ဆေးရသည်။
လက်မှတ်သက်တမ်းကို တစ်နှစ်သာပေးထားသည့်အတွက် ထိုလက်မှတ်ရရန် မီးကာကွယ်ရေးစနစ်များ ကောင်းမကောင်း နှစ်စဉ်စစ်ဆေးနေရပေမည်။
စစ်ဆေးသူမှာ PE (Professional Engineer) ဖြစ်၏။ PE ဆိုသော်လည်း တစ်ယောက်ထဲက အားလုံးကို တာဝန်ယူ စစ်တာမဟုတ်ပဲ သူ့အပိုင်းနှင့်သူ စစ်ရခြင်းဖြစ်၏။ ဥပမာ - Mechanical Ventilation & Air Conditioning (ACMV) လေပေး၊ လေအေးပေးစနစ်ကို စစ်သူမှာ Mechanical PE သို့မဟုတ် Electrical PE စသည်။
၎င်းတို့စစ်သော စနစ်များကို နမူနာပြရလျှင် -
• Emergency power supply
• Sprinkler system
• Fire alarm system
• Wet riser
• Dry riser
• Lift
• Pressurisation system
• Atrium smoke control system
• Mechanical ventilation for basement
• Air-conditioning system
• Voice communication system
• Fire Command Centre - - - - စသည်တို့ ဖြစ်ပါသည်။
ဤလက်မှတ်၌ လိမ်ညာဖြော်ပထားလျှင် ဤလက်မှတ်ပျက်ပြယ်သည်။ အဆောက်အအုံတစ်ခုတွင် မီးလောင်မှု ဖြစ်ခဲ့ပါက မီးလက်မှတ်ပျက်ပြယ်သည်။ လိုအပ်သော မီးကာကွယ်ရေးစနစ်များကို ပြန်လည်တပ်ဆင်၊ စမ်းသပ်ပြီးမှ ထပ်မံထုတ်ပေးပါမည်။
ပြစ်ဒဏ်
အထက်ဖော်ပြပါအချက်များကို မလိုက်နာ။ ပျက်ကွက်ခဲ့သည်ဖြစ်ပါက စင်ကာပူဒေါ်လာ တစ်သောင်းထက် မများသော ငွေဒါဏ်၊ သို့မဟုတ် ၆ လထက်မပိုသော ထောင်ဒါဏ်၊ သို့မဟုတ် ငွေဒါဏ်၊ ထောင်ဒါဏ်နှစ်ရပ်လုံးကျခံစေရမည်။ မီးကာကွယ်ရေး စနစ်များကို မီးကာကွယ်ရေးမင်းကြီး၏ ခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက်ရမည်။ အကယ်၍ မလိုက်နာ၊ ပျက်ကွက်ခဲ့သော် ဒါဏ်ငွေ စင်းဒေါ်လာ ၅ သောင်း သို့မဟုတ် ထောင်ဒါဏ် ၁ နှစ် ကျခံစေရမည်။
အောက်ပါ အန္တရာယ်ရှိသောပစ္စည်း ၅ မျိုးကို သိုလှောင်လိုလျှင် SCDF (Singapore Civil Defence Force) (စင်ကာပူ မြို့ပြကာကွယ်ရေးအဖွဲ့) (မြန်မာပြည်မှ မီးသတ်ဦးစီးဌာန နှင့် အလားတူ) မှ လိုင်စင်ရယူရမည်။
၁။ အက်ဆီတလင်း
၂။ ကယ်လ်ဆီယမ်ကာဘိုဒ်
၃။ ဆယ်လူလို့စ် အရည်
၎။ မီးခြစ်၊ မီးခြစ်ဆံ
၅။ မီးရှုး၊ မီးပန်း၊ ဗျောက်အိုး
ရေနံ၊ ဓါတ်ဆီ နှင့် မီးလောင်လွယ်သောပစ္စည်းများ ထိန်းချုပ်မှု
ဥပဒေတွင်ဖော်ပြထားသော အချက်အလက်များကို မလိုက်နာဘဲ မည်သူတစ်ဦးတစ်ယောက်မျှ မီးလောင်လွယ် သော ပစ္စည်း၊ ရေနံ၊ ဓါတ်ဆီ စသည်တို့ကို သိုလှောင်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ သယ်ဆောင်ခြင်း မပြုရ။ အကယ်၍ ထိုပစ္စည်းများကို ရောင်းဝယ်၊ သိုလှောင်၊ သယ်ယူလိုသည်ဆိုပါက လိုင်စင်ယူရသည်။ ရေနံ၊ ဓါတ်ဆီ၊ မီးလောင်လွယ်သော ပစ္စည်းများအတွက် ပြဌာန်းထားသော နည်းဥပဒေထဲတွင် သိုလှောင်နိုင်သော ပမာဏ၊ သယ်ယူခွင့်ပြုသော ယာဉ်အမျိုးအစား၊ သိုလှောင်ခြင်းအတွက် လိုအပ်ချက်၊ သယ်ယူရာတွင်လိုက်နာရမည့် စည်းကမ်းများ စသည်တို့ကို အပြည့်အစုံဖော်ပြထား၏။
အဆောက်အအုံများဆောက်လုပ်ရာတွင် လိုက်နာရမည့် မီးကာကွယ်ရေးစနစ်များ
အဆောက်အအုံများဆောက်လုပ်ရာတွင် မီးကာကွယ်ရေးစနစ်များ မည်ကဲ့သို့တပ်ဆင်ရမည်ကို Fire Code 2007 Master Version တွင် အလွန်ပြည့်စုံစွာ အသေးစိတ် ဖော်ပြထားပါသည်။ အခန်း ၉ ခန်း နှင့် နောက်ဆက်တွဲ အချပ်ပို ၁၃ ခု ပါ၏။ ဤအထဲတွင် ဈေးများ၊ ရထားဘူတာ၊ ယာယီဆောက်လုပ်သော အဆောက်အအုံ၊ သိုလှောင်ရုံ၊ ကားရပ်နားရာ နေရာများ၊ အထပ်မြင့်အဆောက်အအုံများ အားလုံးပါသည်။
မီးအရေးပေါ်ထွက်ပေါက်များကို မည်ကဲ့သို့ထားရမည်။ မီးသတ်ရေကို မည်ကဲ့သို့ယူရမည်။ မီးသတ်ကားရပ်ရန်နေရာ စသည်။ ရေနံစသော မီးလောင်လွယ်သော ပစ္စည်းများထားမည့် ဂိုဒေါင်ကိုမည်ကဲ့သို့ဆောက်ရ မည်၊ အန္တရာယ်ရှိသော ဓါတုပ စ္စည်းများကိုမည်ကဲ့သို့သိုလှောင်ရမည်။မည်ကဲ့သို့ကိုင်တွယ်ရမည်အားလုံးပါသည်။
မီးလောင်ခံဆောက်လုပ်ရေးပစ္စည်းများသုံးခြင်း၊ စမ်းသပ်ခြင်း၊ သုတ်ဆေးများကို မီးလောင်နိုင်မှု၊ မီးဒါဏ်ခံနိုင်မှု စမ်းသပ်ခြင်း၊ အလုံပိတ်အခန်းများ၊ ထွက်ပေါက်များ၊ လှေခါးများ၊ မျက်နှာကျက်၊ အိမ်နံရံ စသည်များကို မည်သည့်ပစ္စည်းများ ဖြင့် မည်ကဲ့သို့ဆောက်ရမည် စသည်တို့ကို အပြည့်အစုံ ဖော်ပြထားသည်။
လျှပ်စစ်ဝါယာကြိုးများ သွယ်တန်းပုံ၊ မီးလောင်လျှင် အလိုအလျှောက် ရေဖြန်းစနစ် (Sprinkler system) တပ်ဆင်ပုံ၊ မီးခိုး အထိန်းများတပ်ဆင်ပုံ၊ မီးသတ်ဗူးများထားရမည့်နေရာ၊ မီးသတ်ဗူးအရွယ်အစား ရွေးချယ်ပုံ စသည်တို့ကို လိုလေသေးမရှိ ဖော်ပြထားသည်။
Appendix D: ကုန်သိုလှောင်ရုံကြီးများအတွက် မီးကာကွယ်ရေးလိုအပ်ချက် လမ်းညွှန်
ကုန်သိုလှောင်ရုံသည် 9000 m3 သို့မဟုတ် ကြမ်းခင်းဧရိယာ 1500 m2 ထိ ဆိုလျှင် အလိုအလျှောက် ရေဖြန်းစနစ် (Sprinkler System Protection) မလိုအပ်။ သို့သော် 18000 m3 သို့မဟုတ် ကြမ်းခင်းဧရိယာ 3000 m2 ထိ ဆိုလျှင် အလိုအလျှောက် ရေဖြန်းစနစ် (Sprinkler System Protection) တပ်ဆင်ပေးရမည်။ ဂိုဒေါင်တံခါးမှာ မီးခံ တံခါးလိပ် (fire rated roller shutter) တပ်ဆင်ထားရမည်။ ထိုတံခါးကို အလိုအလျောက် မီးအချက်ပေးစနစ် (automatic fire alarm system) ဖြင့် ဆက်သွယ်ထားရမည်။
မီးအရေးပေါ်ထွက်ပေါက် ထားပေးရမည်။ ထိုထွက်ပေါက်ကို သတ္တု၊ ကွန်ကရိများဖြင့် လုပ်ရမည်။ ကြောင်လိမ်လှေခါး ဖြစ်နိုင်သည်။ အကျယ် ၃မီတာ x ၂ မီတာ ရှိရမည်။ လက်ရမ်းပါရမည်။ အဆောက်အဦ အပြင်နံရံတွင် ခိုင်ခိုင်ခံ့ခံ့ တပ်ဆင် ရမည်။
ကုန်ပစ္စည်း အတင်အချနေရာများ၊ ကားရပ်နားရာနေရာများ၊ စသည်တို့တွင် မီးသတ်ဗူးထားရမည်။ ဂိုဒေါင်ထဲတွင် အချင်း ၂၅ မီတာလျှင် မီးသတ်ဗူးတစ်ခု ထားရမည်။ မီးသတ်ဗူး အမျိုးအစားမှာ 50kg ABC dry powder ဖြစ်သည်။
မီးခိုးထွက်ပေါက်များကိုလည်း Code of Practice တွင် ဖော်ပြထားသည့်အတိုင်း တပ်ဆင်ပေးရမည်။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆက်သွယ်နိုင်သည့် ရေဒီယိုစနစ် ထားပေးရမည်။
နေရာအနှံ့အပြားတွင် တပ်ဆင်ထားသည့် မီးသတ်ရေပိုက်ခေါင်းများစင်ကာပူရှိ လမ်းမများ၊ လူနေအိမ်များအကြား၊ ဈေးများ၊ ကျောင်းများ စသည်တို့တွင် မီးသတ်ရေ ပိုက်ခေါင်း ဆက်နိုင်သည့် ရေငုတ်များကို နေရာအနှံ့ တွေ့နိုင်ပါသည်။ ဤရေငုတ်များတွင် ဖိအားမြင့်ရေအ ဆင်သင့် ရှိနေပြီး မီးလောင်သည့်အခါ ထိုရေငုတ်ကို ဆက်လျှက် မီးငြိမ်းသတ်နိုင်သည်။ လူနေအိမ်အပါအ၀င် အဆောက်အအုံများတွင် မီးသတ်ကားမှ ရေခေါင်းဖြင့်ဆက်ပြီး မီးသတ်နိုင်ရန် ရေအ၀င်ခေါင်း၊ ဆေးမှုန့် အ၀င်ခေါင်းများ လုပ်ပေးထားသည်။credit Chawlwinblog
Singapore CP 5 ခုကိုအောက်မှာဒေါင်းပါ
https://www.dropbox.com/s/aeev77j67k7cnuw/Fire%20Code.zip?dl=0
No comments:
Post a Comment